မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

ရွေးကောက်ပွဲ

Election

အသင်းချုပ် ရွေးကောက်ပွဲ

ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဖွဲ့စည်းခြင်း

အသင်းအမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်အား အသင်း၏ နာယကအဖွဲ့နှင့် အကြံပေးအဖွဲ့က ရွေးချယ်ရာတွင် အတွေ့အကြုံ၊ အကျင့်သိက္ခာသမာဓိရှိပြီးအများ၏ကြည်ညိုလေးစားခြင်းခံရသော၊ လက်ရှိအမှုဆောင်မဟုတ်သော၊ အမှုဆောင်အဖြစ် အရွေးချယ်ခံရန် အဆိုမပြုသော အသင်းသားများနှင့် ပြင်ပမှဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးများပါဝင်သော အဖွဲ့ဝင်အနည်းဆုံး (၅)ဦးမှအများဆုံး(၁ဝ)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

အသင်း၏ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)

လွတ်လပ်၍တရားမျှတသော ရွေးချယ်တင်မြှောက်ခြင်းဖြစ်စေရန် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအပေါ်အခြေပြု၍ ကြီးကြပ်ဆောင်ရွက်ရမည်။

(ခ)

ရွေးချယ်တင်မြှောက်ပွဲကျင်းပရန် နေ့ရက်၊ အချိန်နှင့်ပတ်သက်၍ ကော်မရှင်သည် ၄င်း၏ အထောက်အကူပြုကော်မတီများနှင့် ညှိနှိုင်းပြီးလျှင် သင့်လျော်သည့် နေ့ရက်နှင့်အချိန်ကို သတ်မှတ်ဆောင်ရွက်နိုင်သည်။

(ဂ)

အသင်းအမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီသော အသင်းသားများအနေဖြင့် ကိုယ်တိုင်အဆိုပြုလွှာများ တင်သွင်းနိုင်စေရန် လူကိုယ်တိုင်၊ စာတိုက်ကြေးနန်း၊ အီးမေးလ်၊ ဖက်စ်စသည် သင့်လျော်ရာနည်းလမ်းများဖြင့် ပေးပို့အကြောင်းကြားရမည့်အပြင် သတင်းစာ၊ဂျာနယ်၊အခြားမီဒီယာစသည်တို့တွင်ထည့်သွင်းဖော်ပြခြင်း၊ ဆိုရှယ်မီဒီယာတင်ခြင်း၊ ကြော်ငြာဘုတ်ထောင်ခြင်း၊လက်ကမ်းစာဖြန့်ဝေခြင်းတို့ဖြင့် ရွေးချယ်တင်မြှောက်ပွဲမကျင်းပမီ (၄၅)ရက်မှ (၃ဝ)ရက်အတွင်း ကြိုတင်အသိပေးကြေညာရမည်။

(ဃ)

ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်သည် အသင်းအထောက်အကူပြုကော်မတီများက ပြုစုပေးပို့သော အမှုဆောင်အဖြစ် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်များ၏ စာရင်းနှင့်မဲပေးပိုင်ခွင့်ရှိသော အသင်းသားစာရင်းကို ရယူစိစစ်၍ လျှောက်လွှာပိတ်ရက်နောက် ရုံးဖွင့်ရက်(၁၅)ရက်မှ(၁ဝ)ရက်အတွင်း အသင်းရုံးရှေ့ ကြော်ငြာသင်ပုန်း၊ ပေါ်လွင်ထင်ရှားသော နေရာများနှင့်အသင်း ဆိုရှယ်မီဒီယာများတွင် ထုတ်ပြန်ကြေညာရမည်။

(င)

မဲဆန္ဒပေးပိုင်ခွင့်ရှိသော အသင်းသားနှင့် ရွေးချယ်ခံခွင့်ရှိသော အမှုဆောင်ကိုယ်စားလှယ်အသင်းသားကို ကန့်ကွက်လိုသော အသင်းသားများမှ ကော်မရှင်ထံ ရွေးချယ်တင်မြှောက်ပွဲမတိုင်မီ (၃)ရက်နောက်ဆုံးထား၍ အကျိုးအကြောင်းဖော်ပြကန့်ကွက်ခြင်းကို ကော်မရှင်မှစိစစ်ဆုံးဖြတ်ပေးရန်တာဝန်ရှိသည်။ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

(စ)

ရွေးချယ်တင်မြှောက်ခြင်းအတွက် လိုအပ်သောရုံးကိစ္စအဝဝနှင့် အသုံးစရိတ်တို့ကို အသင်းကပံ့ပိုးဆောင်ရွက်ပေးရမည်။

(ဆ)

ကော်မရှင်သည်ရွေးချယ်တင်မြှောက်ပွဲအဆင့်ဆင့်ကို စနစ်တကျကျင်းပပြီးနောက် ရွေးချယ်တင်မြှောက်ခြင်း အစီရင်ခံစာကို ရွေးချယ်ခံရသော (၁) အမှုဆောင်အဖွဲ့၊ (၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ (၃) နာယကအဖွဲ့၊ (၄) အကြံပေးအဖွဲ့စာရင်းကို နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် အများသိသာစေရန် ကြေညာပေးရမည်။

(ဇ)

ကော်မရှင်သည် ရွေးချယ်တင်မြှောက်ပွဲကို အသင်းသားစုံညီ ညီလာခံကျင်းပသည့်ရက်နေ့တွင်သော်လည်းကောင်း၊ (၇) ရက်ကြိုတင်၍သော်လည်းကောင်း ကျင်းပနိုင်သည်။

(ဈ)

ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြထားခြင်းမရှိသော အထူးကိစ္စရပ်များအတွက်ကော်မရှင်သည် အသင်း၏နာယကအဖွဲ့၊ အကြံပေးအဖွဲ့နှင့် အမှုဆောင်အဖြစ် ရွေးချယ်ခံရန်အဆိုမပြုသော အသင်းသားတို့ဖြင့် ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်နိုင်သည်။

အထောက်အကူပြုကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

(က)

မဲဆန္ဒပေးပိုင်ခွင့်ရှိသော အသင်းသားစိစစ်ရေးကော်မတီ

မဲဆန္ဒပေးပိုင်ခွင့်ရှိသော အသင်းသားစိစစ်ရေးအထောက်အကူပြုကော်မတီသည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော အသင်းသားများ၏ အမည်စာရင်းများကို စိစစ်ပြီးလျှင် သက်ဆိုင်ရာ အရည်အချင်းများနှင့် ကိုက်ညီသော ပုဂ္ဂိုလ်များ၏အမည်စာရင်းကိုရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ထံပေးပို့ရမည်။ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးတို့ကို ရွေးကောက်ပွဲကျင်းပမည့်နှစ်အထိ သတ်မှတ်ထားသော နှုန်းထားအတိုင်း အကြေအလည်ပေးသွင်းထားသူဖြစ်ရမည်။ အသင်းသို့ ပေးဆောင်ရန် အခြားသော ငွေကြေးတစ်စုံတစ်ရာနှင့် စာရင်းရှင်းလင်းရန် ကျန်ရှိသူမဖြစ်စေရ။ ကုမ္ပဏီအသင်းဝင်ဖြစ်ပါက ပုံစံ ၆/၂၆ တွင် အမည်စာရင်းပါဝင်သူတစ်ဦးသာဖြစ်ရမည်။

(ခ)

အမှုဆောင်အဖြစ်ရွေးချယ်ခံအသင်းသားကိုယ်စားလှယ်စိစစ်ရေးကော်မတီ

အမှုဆောင်အဖြစ်ရွေးချယ်ခံ အသင်းသားစိစစ်ရေးကော်မတီသည် ရွေးချယ်ခံခွင့်ရှိသော အရည်အချင်းနှင့်ကိုက်ညီသည့် အမည်စာရင်းများကို စိစစ်ပြီးလျှင် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်ထံပေးပို့ရမည်။ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးတို့ကို ရွေးကောက်ပွဲကျင်းပမည့်နှစ်အထိ သတ်မှတ်ထားသောနှုန်းထားအတိုင်း အကြေအလည်ပေးသွင်းထားသူဖြစ်ရမည်။ အသင်းသို့ပေးဆောင်ရန် အခြားသောငွေကြေးတစ်စုံတစ်ရာနှင့် စာရင်းရှင်းလင်းရန်ကျန်ရှိသူမဖြစ်စေရ။ ဗဟိုအလုပ်အမှုဆောင်အဖြစ် အရွေးချယ်ခံလိုသောအသင်းသားများသည် အမှုဆောင်အဖွဲ့ဝင်အဖြစ်သက်တမ်းတစ်ကြိမ် ရွေးချယ်ခံဆောင်ရွက်ခဲ့ဖူးသူဖြစ်ရမည်။ သို့သော်ထူးခြားသော အခြေအနေအရ ဤအချက်အား လျော့ပေါ့စဉ်းစားနိုင်သည်။

(ဂ)

မဲပေးခြင်းဆိုင်ရာလုပ်ငန်းများကြီးကြပ်မှုကော်မတီ

မဲရုံ၊ မဲပြားထုတ်ပေးရေးနှင့်ရေတွက်ရေး၊ မဲရုံကြီးကြပ်မှုလုပ်ငန်းများကို ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။

ရွေးကောက်တင်မြှောက်သည့်စနစ်

အမှုဆောင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ရွေးကောက်တင်မြှောက်ခြင်းကိစ္စကို အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က)

လျိူ့ ဝှက်မဲပေးစနစ်

အများလက်ခံသော၊ ပွင့်လင်းမြင်သာသော လျိူ့ ဝှက်မဲပေးစနစ်နှင့်မဲရေတွက်သောစနစ်ကျင့်သုံးသည့် မဲဆန္ဒပေးပွဲကျင်းပရမည်။ လျိူ့ ဝှက်မဲပေးသောစနစ်မှာ -- ခေတ်နှင့်လျော်ညီသော ကော်မရှင်မှသတ်မှတ်သည့်စနစ်၊ မဲရေတွက်သောစနစ်မှာ -- ဆန္ဒမဲကိုဓါတ်ပုံ/ ဗွီဒီယိုရိုက်၍မဲရေတွက်ခြင်းကိုစောင့်ကြည့်နေသော အသင်းသားများသိရှိစေရန် ပရိုဂျက်တာ/တယ်လီဗေးရှင်းဖြင့် တိုက်ရိုက်ပြသရေတွက်သော စနစ်ကိုကျင့်သုံးခြင်း။

(ခ)

ကိုယ်စားလှယ်ခွင့်ပြုခြင်း

အမှုဆောင်အဖြစ်ရွေးချယ်ခံရန် အဆိုပြုထားသောပုဂ္ဂိုလ်သည် မလွှဲမရှောင်သာသော ကိစ္စကြောင့် မဲဆန္ဒပေးရမည့်နေ့ရက်တွင် ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိပါက မိမိအနေဖြင့် အရွေးချယ်ခံမည်ဖြစ်ကြောင်း၊ မည်သူ့ကို ကိုယ်စားလှယ်လွှဲအပ်မည်ဖြစ်ကြောင်းနှင့် ကိုယ်တိုင်မတက်ရောက်နိုင်ကြောင်း ခွင့်ပန်စာကို စာဖြင့်တရားဝင်(၄၈)နာရီကြိုတင်၍ကော်မရှင်သို့အကြောင်းကြားရမည်။ ၄င်းပုဂ္ဂိုလ်သည် အမှုဆောင်အဖြစ်ရွေးချယ်ခံလျှင် ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခြင်းအတွက် မဲပေးခြင်း၊ ရွေးချယ်ခံခြင်းကိစ္စအဝဝကို ၄င်းကိုယ်စားလှယ်အနေဖြင့် ဆက်လက်ဆောင်ရွက်ခွင့်ရှိစေရမည်။

(ဂ)

ကိုယ်စားလှယ်မဲပေးခွင့်

အမှုဆောင်၏ကိုယ်စားလှယ်တစ်ဦးသည် ရွေးချယ်ခံရန်အဆိုပြုသူတစ်ဦးကိုယ်စား မဲဆန္ဒပေးရန်အတွက်သာ ကိုယ်စားလှယ်အဖြစ် လက်ခံဆောင်ရွက်ခွင့်ရှိသည်။

(ဃ)

တစ်ဦးချင်းစီကိုယ်စားလှယ်ခွင့်

အသင်းသားတစ်ဦးသည် အခြားအသင်းသားတစ်ဦး (သို့မဟုတ်) အမှုဆောင်ရွေးချယ်ခံရန် အဆိုပြုသူတစ်ဦးအတွက်သာ ကိုယ်စားလှယ်အဖြစ် မဲဆန္ဒပေးခွင့်ရှိသည်။

(င)

အများသဘောတူညီခြင်း

ရွေးချယ်တင်မြှောက်ပွဲတွင် တက်ရောက်လာသော အသင်းသားဦးရေ (၅ဝ)%နှင့်အထက်မဲပေးမှသာ အဆိုပါရွေးချယ်တင်မြှောက်ပွဲသည် ထမြောက်အောင်မြင်သည်။

(စ)

ပြိုင်ဘက်မရှိလျှင်

ဗဟိုအလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အဆင့်ဆင့်တိုင်း (ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်) ရွေးချယ်ခံရန် ကိုယ်တိုင်ဆန္ဒပြုသူဦးရေသည် ပြိုင်ဘက်မရှိ တစ်ဦးတည်းသာဖြစ်ခဲ့သော် ၄င်းအား ရွေးချယ်တင်မြှောက်ခံရကြောင်း ကော်မရှင်မှအတည်ပြုခွင့်ရှိသည်။

(ဆ)

ရလဒ်ကြေညာခြင်း

ရွေးကောက်ပွဲအဆင့်တိုင်းတွင် ဆန္ဒမဲများကိုနှောင့်နှေးခြင်းမရှိစေဘဲ စနစ်တကျရေတွက်ပြုစုပြီးလျှင် မဲဆန္ဒပိုများ၍ ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ချက်ချင်းကြေညာရမည်။

အသင်းဆိုင်ရာအဖွဲ့အစည်းများ ရွေးချယ်တင်မြှောက်ခြင်း

(က)

အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ခြင်း

ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မတီသည် အသင်းအမှုဆောင်အဖွဲ့အတွက် သတ်မှတ်ထားသောအဖွဲ့ဝင်ဦးရေရရှိစေရန် အောက်ပါနည်းလမ်းဖြင့် ရွေးချယ်ဆောင်ရွက်ရမည်-

  • (၁) အသင်းသားများမှ ရွေးချယ်တင်မြှောက်မည့်အမှုဆောင်ဦးရေသည် (၇ဝ) ဦးမှ (၁ဝဝ)ဦး ဖြစ်သည်။
  • (၂) ရွေးချယ်ခံပိုင်ခွင့် အရည်အချင်းပြည့်မီသော အသင်းသားအနေဖြင့် ရွေးချယ်ခံရန် ကိုယ်တိုင်ဆန္ဒပြု၍ မဲဆန္ဒပေးခွင့်ရှိသော အသင်းသားများအား သတ်မှတ်ထားသောနည်းလမ်းအတိုင်း မဲဆန္ဒပေးစေပြီးလျှင် ဆန္ဒမဲများသူအား ရွေးကောက်တင်မြှောက်ရမည်။
  • (၃) အမှုဆောင်အဖွဲ့ရွေးချယ်ရာတွင် ရွေးကောက်ခံရန်ကိုယ်တိုင် ဆန္ဒပြုသူဦးရေသည် ရွေးချယ်တင်မြှောက်ရန် ဦးရေထက်မကျော်လွန်ပါက မဲဆန္ဒပေးရန်မလိုတော့ဘဲ ရွေးချယ်တင်မြှောက်နိုင်သည်။ ရွေးချယ်တင်မြှောက်ရန်ဦးရေထက် ကျော်လွန်များပြားနေပါက လျိူ့ ဝှက်ဆန္ဒမဲပေးသည့်စနစ်ကိုကျင့်သုံး၍ မဲဆန္ဒများရာပုဂ္ဂိုလ်အား ရွေးကောက်တင်မြှောက်ရမည်။
  • (၄) ဆန္ဒမဲစာရင်းများကို ရေတွက်ပြုစုစိစစ်ပြီးသည့်အခါ အများသဘောတူ ရွေးကောက်တင်မြှောက်ခံရသော အမှုဆောင်အဖွဲ့ဝင်အသစ်များ၏အမည်စာရင်းတို့ကို ချက်ချင်း ထုတ်ပြန်ကြေညာ ပေးရမည်။
(ခ)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ခြင်း

ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မတီသည် အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် သတ်မှတ်ထားသောအဖွဲ့ဝင်ဦးရေရရှိစေရန် အောက်ပါနည်းလမ်းများဖြင့် ရွေးချယ်ဆောင်ရွက်ရမည်-

  • (၁) အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ (၅ဝ) ရာခိုင်နှုန်းဖြစ်သော (၃၅)ဦးမှ(၅ဝ)ဦးအထိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေအဖြစ်သတ်မှတ်နိုင်သည်။ ကျန်(၅ဝ%)သည် အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သည်။
  • (၂) သတ်မှတ်ထားသောဗဟိုအလုပ်အမှုဆောင်အရေအတွက်ကို ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်များအနက်မှ ဗဟိုအလုပ်အမှုဆောင်ဖြစ်ရန် သတ်မှတ်ထားသောအရည်အချင်းနှင့်ပြည့်မီသည့် အမှုဆောင်များ၏အမည်စာရင်းကို စိစစ်ပြုစုရမည်။
  • (၃) တရားဝင်မှတ်ပုံတင်ရရှိပြီးသော ညီနောင်အသင်းများမှ ဥက္ကဋ္ဌ (သို့) အလုပ်အမှုဆောင်များ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စေလွှတ်သော အလုပ်အမှုဆောင်ကိုယ်စားလှယ်တစ်ဦးသည် အလိုအလျောက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းခံရမည်။
  • (၄) တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော သတ္တုအမျိုးအစားအလိုက် ရေးရာကော်မတီများမှ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စေလွှတ်သောကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရန်မလိုသော ဗဟိုအလုပ်အမှုဆောင်အဖြစ်လက်ခံရမည်။ သို့သော်၎င်းအဖွဲ့ဝင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးတွင်ရှိရမည့် သတ်မှတ်ထားသောအရည်အချင်းပြည့်မှီသူဖြစ်ရမည်။
  • (၅) လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ (၅)ပုံ(၂)ပုံသည် ရွေးချယ်ရန် မလိုတော့ဘဲ အလိုအလျောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အဖြစ် သတ်မှတ်ခြင်းခံရမည်။
  • (၆) ဗဟိုအလုပ်အမှုဆောင်အဖြစ်ရွေးကောက်ခံရန် ကိုယ်တိုင်ဆန္ဒပြုသူများအား အမှုဆောင်အဖွဲ့အသစ်များက လျိူ့ ဝှက်မဲဆန္ဒပေးသည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ အကယ်၍ အဆိုပြုသူဦးရေသည် သတ်မှတ်ဦးရေထက်နည်းပါက အလိုအလျောက် ဗဟိုအလုပ်အမှုဆောင်အဖြစ် သတ်မှတ်နိုင်သည်။ ရွေးကောက်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကို ချက်ချင်းထုတ်ပြန်ကြေညာရမည်။
  • (၇) ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ စသော စီမံခန့်ခွဲရေးရာထူးတာဝန်များတွင် သတ်မှတ်ထားသောအရေအတွက်အတိုင်း ရွေးကောက်တင်မြှောက်နိုင်ရန်အတွက် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသည့် ပုဂ္ဂိုလ်များအား ကိုယ်တိုင်ဆန္ဒပြုစေပြီး အမှုဆောင်အဖွဲ့ဝင်အသစ်များက လျိူ့ ဝှက်မဲဆန္ဒပေးသည့်စနစ်ဖြင့် အဆင့်ဆင့်ရွေးကောက်တင်မြှောက်ရမည်။
  • (၈) ဦးစွာ ဥက္ကဋ္ဌ(၁)ဦး၊ ဒု-ဥက္ကဋ္ဌ(၆)ဦး ရာထူးများအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထဲမှ(၇)ဦးအား လျိူ့ ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်ရမည်။ ၎င်းတို့ရရှိသောမဲအရေအတွက် အနည်းအများအလိုက်အမှတ်စဉ်စီရမည်။ အမှတ်စဉ်(၁)သည် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမှတ်(၂) သည် ဒု-ဥက္ကဋ္ဌ(၁) အဖြစ်လည်းကောင်း အမှတ်စဉ်စီရမည် (သို့မဟုတ်) ရွေးချယ်ခံရသည့် ကိုယ်စားလှယ်(၇)ဦးတို့မှဆွေးနွေး၍ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ (၁)(၂)(၃)(၄)(၅)(၆) စသည်ဖြင့် ရွေးချယ်နိုင်သည်။
  • (၉) ဥက္ကဋ္ဌနှင့်ဒု-ဥက္ကဋ္ဌရာထူးများအတွက် ရွေးချယ်တင်မြှောက်ပြီးပါက အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများရာထူးများအတွက် ဆက်လက်ရွေးချယ်ရန် ဗဟိုအလုပ်အမှုဆောင်များထဲမှ ကိုယ်စားလှယ်(၁ဝ)ဦးအားလျိူ့ ဝှက်ဆန္ဒမဲပေးရွေးချယ်ရမည်။ ၎င်းရွေးချယ်ခံရသော ကိုယ်စားလှယ်(၁ဝ)ဦးမှဆွေးနွေး၍ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးရာထူးများ ခွဲဝေသတ်မှတ်ရမည်။
  • (၁၀) ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်တို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထဲမှ ကိုယ်စားလှယ်(၄)ဦးအား လျိူ့ ဝှက်ဆန္ဒမဲပေးစနစ်ဖြင့်ရွေးချယ်ရမည်။ ၎င်းရွေးချယ်ခံရသူ(၄)ဦးတို့မှ ဆွေးနွေးတိုင်ပင်၍ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်စသည်ဖြင့် ရာထူးများခွဲဝေသတ်မှတ်ရမည်။
  • (၁၁) ယင်းသို့ ရွေးကောက်တင်မြှောက်ရာတွင် ဦးစွာဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်တင်မြှောက်ပြီးနောက် ဆက်လက်၍ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်များအတွက်ကိုလည်း အမှုဆောင်အဖွဲ့ဝင်များ၏ လျိူ့ ဝှက်မဲဆန္ဒပေးသည့်စနစ်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရွေးချယ်တင်မြှောက်ရမည်။
  • (၁၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထဲမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်များ ရွေးချယ်ရာတွင် သတ်မှတ်ဦးရေထက် အဆိုပြုသူများပြားပါက မဲပေးရွေးချယ်ရန်နှင့် သတ်မှတ်ဦးရေထက်မပိုပါက အတည်ပြုရန်ဖြစ်သည်။ အဆိုပြုသူသတ်မှတ်ဦးရေထက် နည်းပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆန္ဒပြုတင်မြှောက်ပေးရမည်။
  • (၁၃) ရွေးကောက်တင်မြှောက်ပွဲကြီးကြပ်မှုကော်မတီသည် ရွေးကောက်တင်မြှောက်ခံရသော စီမံခန့်ခွဲရေးရာထူးတာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကို ချက်ချင်းကြေညာရမည်။
(ဂ)

ဂုဏ်ထူးဆောင် နာယကအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ရွေးချယ်တင်မြှောက်ရမည်။

(ဃ)

နာယကအဖွဲ့ရွေးချယ်တင်မြှောက်ခြင်း

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ရွေးချယ်တင်မြှောက်ရမည်။

(င)

အကြံပေးအဖွဲ့ရွေးချယ်တင်မြှောက်ခြင်း

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ရွေးချယ်တင်မြှောက်ရမည်။

(စ)

ပြင်ပငွေစာရင်းစစ်အဖွဲ့ရွေးချယ်တင်မြှောက်ခြင်း

ပြင်ပစာရင်းစစ်အဖွဲ့ကို နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် အသင်းဝင်များ၏ အတည်ပြုချက်ဖြင့် ရွေးချယ်တာဝန်ပေးအပ်ရမည်။