အသင်း၏အမှုဆောင်အဖွဲ့ဝင်များကို အောက်ပါဦးရေအတိုင်းဖွဲ့စည်းရမည်
အမှုဆောင်အဖွဲ့ဆိုသည်မှာ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်စုစုပေါင်းကို ဆိုလိုသည်။
အသင်းသားများမှ ရွေးချယ်တင်မြှောက်မည့် အမှုဆောင်ဦးရေ (၇ဝ)ဦးနှင့်(၁ဝဝ)ဦး အတွင်းဖြစ်သည်။
အသင်းသားများမှရွေးချယ်တင်မြှောက်သည့် အမှုဆောင် (၇ဝ)ဦးနှင့်(၁ဝဝ)ဦးအတွင်းတွင် အောက်ပါအသင်းသားများ အချိုးကျပါဝင်ဖွဲ့စည်းရမည်
ကုမ္ပဏီ ဒါရိုက်တာများ
တရားဝင်မှတ်ပုံတင်ထားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့်ကုမ္ပဏီများအနက် သတ္တုတွင်းဆိုင်ရာလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်ကုမ္ပဏီတစ်ခုခု၏ ဒါရိုက်တာအဖွဲ့ဝင်များထဲမှ (၅ဝ)ဦးမှ (၇ဝ)ဦးထိ ပါဝင်ရမည်။
တသီးပုဂ္ဂလဝင်ရောက်ထားသူများ
တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ထားသူ (၁ဝ)ဦးမှ(၁၅)ဦးထိ ပါဝင်နိုင်သည်။
အစိုးရအသိအမှတ်ပြု ကျွမ်းကျင်သူများ
သတ္တုတွင်းလုပ်ငန်းဆိုင်ရာ အစိုးရအသိအမှတ်ပြု ကျွမ်းကျင်သူအသိပညာရှင်၊ အတတ်ပညာရှင်(၁ဝ)ဦးမှ(၁၅)ဦးထိ ပါဝင်နိုင်သည်။
ဖြည့်စွက်ရန်
တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ထားသူနှင့် အသိပညာရှင်၊ အတတ်ပညာရှင်တို့မှ ဆန္ဒပြုသူအရေအတွက်မပြည့်မီပါက လိုအပ်သောအရေအတွက်အား ကုမ္ပဏီအသင်းဝင်များထဲမှ ဖြည့်စွက်ရန်ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ
အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ (၅ဝ%) သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည်။
အရည်အချင်းသတ်မှတ်ချက်
အသင်းသားအဖြစ် သက်တမ်း (၁) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
အသင်းနှစ်စဉ်ကြေးများနှင့်အသင်းသို့ပေးသွင်းရန်ရှိသော ငွေကြေးတစ်စုံတစ်ရာကို အကြေအလည် ပေးသွင်းပြီးဖြစ်ရမည်။
သတ္တုတွင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂)နှစ်ရှိရမည်။
အကျင့်စာရိတ္တကောင်းမွန်၍စီးပွားရေးကျင့်ဝတ်ကို လိုက်နာကျင့်သုံးနေသူဖြစ်ရမည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်နားလည်ပြီး လေးစားလိုက်နာသူများဖြစ်ရမည်။
တာဝန်နှင့်လုပ်ပိုင်ခွင့်
စည်းမျဉ်းလိုက်နာမှု
အသင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည်။
မူဝါဒအကောင်အထည်ဖော်မှု
အသင်း၏မူဝါဒ၊ ရည်ရွယ်ချက်နှင့်ပေးအပ်သောလုပ်ငန်းတာဝန်များကို ထမြောက်အောင်မြင်စေရန် လိုအပ်သလို ပူးပေါင်းပါဝင်ကြီးကြပ်ဆောင်ရွက်ရမည်။
ကော်မတီဖွဲ့စည်းမှု
အသင်းလုပ်ငန်းများကို အသေးစိတ်ဆောင်ရွက်နိုင်စေရန်အတွက် ကိစ္စတစ်ခုချင်းအလိုက် လိုအပ်သောအဖွဲ့များ၊ ကော်မတီများ၊ ကော်မရှင်များကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
လုပ်ငန်းစစ်ဆေးမှု
အသင်း၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို မျက်ခြည်မပြတ်လေ့လာစိစစ်၍ လုပ်ငန်းများပိုမိုအဆင်ပြေတိုးတက်အောင်မြင်ရေးအတွက် ဦးဆောင်စည်းရုံး ကြိုးပမ်းဆောင်ရွက်ရမည်။
ညီနောင်အသင်းများ
သတ္တုတွင်းလုပ်ငန်းများနှင့်ဆက်စပ်သောညီနောင်အသင်းများ ဖွဲ့စည်းတည်ထောင်ရေးအတွက် စည်းရုံးခြင်း၊ ဖွဲ့စည်းခြင်းနှင့် အားပေးကူညီခြင်းများ ပြုလုပ်ရမည်။
ညီနောင်အသင်းစိစစ်ခြင်း
သတ္တုတွင်းလုပ်ငန်းများ(ရုံးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဒေသအလိုက်)ကို အခြေခံ၍ဖွဲ့စည်းထားသောအသင်းများကို ညီနောင်အသင်းအဖြစ် စိစစ်လက်ခံရန် အမှုဆောင်အဖွဲ့၏တာဝန်ဖြစ်သည်။ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော ညီနောင်အသင်းများမှ ကိုယ်စားလှယ်တစ်ဦး (ဥက္ကဋ္ဌ/အလုပ်အမှုဆောင်အဖွဲ့ဝင်)ကို ရွေးချယ်တင်မြှောက်ရန်မလိုသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လက်ခံရမည်။ သို့သော် ၎င်းအဖွဲ့ဝင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးတွင်ရှိရမည့် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူဖြစ်ရမည်။ ညီနောင်အသင်းများနှင့်အသင်းသားများ၏ အခြေအနေကို မျက်ခြည်မပြတ်လေ့လာစိစစ်၍ ကျစ်လစ်ခိုင်မာရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးဆောင်စည်းရုံးကြိုးပမ်းဆောင်ရွက်ရမည်။
ကော်မတီကိုယ်စားလှယ်
တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော သတ္တုအမျိုးအစားအလိုက်ရေးရာကော်မတီများမှ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရန်မလိုသော ဗဟိုအလုပ်အမှုဆောင်အဖြစ်လက်ခံရမည်။ သို့သော် ၎င်းအဖွဲ့ဝင်သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးတွင်ရှိရမည့် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူဖြစ်ရမည်။
ရုံးအဖွဲ့ဖွဲ့စည်းမှု
အမှုဆောင်အဖွဲ့သည် အသင်းရုံးအဖွဲ့ကိုလည်းကောင်း၊ ရုံးခွဲ၏ရုံးအဖွဲ့ကိုလည်းကောင်း၊ လိုအပ်သလိုဖွဲ့စည်း၍ ဝန်ထမ်းများကိုရွေးချယ်ခန့်ထား တာဝန်ပေးအပ်ရမည်။ အဆိုပါရုံးအဖွဲ့နှင့်ရုံးအဖွဲ့ခွဲတို့၏ လုပ်ငန်းအဝဝကို အသင်းအထွေထွေအတွင်းရေးမှူးပါဝင်သော အတွင်းရေးမှူးအဖွဲ့က ကြီးကြပ်ကွပ်ကဲ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လမ်းညွှန်ထိန်းကျောင်းဆောင်ရွက်ရမည်။
ရုံးခွဲဖွင့်လှစ်မှု
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့က လုပ်ငန်းပမာဏအခြေအနေအရရုံးအဖွဲ့ကိုဖွဲ့စည်း၍ လိုအပ်သောဝန်ထမ်းများခန့်ထားရမည်။ လိုအပ်သည်ဟုထင်မြင်ယူဆလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် အသင်းရုံးခွဲများဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်နိုင်သည်။
ဘဏ္ဍာရေးစီမံခန့်ခွဲမှု
အသင်း၏ဘဏ္ဍာရေးအခြေအနေ၊ ရငွေသုံးငွေအခြေအနေတို့ကို မျက်ခြည်မပြတ် လေ့လာစိစစ်၍ အသင်း၏ရံပုံငွေ ပြည့်စုံလုံလောက်စေရေးနှင့် အကျိုးရှိစွာသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်စီစဉ်ဆောင်ရွက်ရမည်။
အစည်းအဝေးကျင်းပမှု
အသင်းအစည်းအဝေးများကို သတ်မှတ်ချက်အတိုင်း ကျင်းပနိုင်ရေးအတွက် ကြီးကြပ်စီစဉ်ဆောင်ရွက်ခြင်း။ တက်ရောက်ခြင်းပြုလုပ်ရမည်။
ဥပဒေစိစစ်မှု
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိမှတ်တမ်းတင်ခြင်းပြုရန်နှင့် လိုအပ်သောအကြံပြုချက်များရယူရန်၊ နာယကအဖွဲ့၊ အကြံပေးအဖွဲ့များသို့ လစဉ်နှင့် အခါအားလျော်စွာကျင်းပသောအစည်းအဝေးများ၊ ဆုံးဖြတ်ချက်များ၊ မှတ်တမ်းတင်ခြင်းများကို ပေးပို့ရမည်။
ကိုယ်စားပြုတက်ရောက်မှု
အမှုဆောင်များသည် အသင်း၏ကိုယ်စားအနေဖြင့် ဌာနဆိုင်ရာများနှင့်သော်လည်းကောင်း၊ ပြင်ပအဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များတွင် အမှုဆောင်အဖွဲ့မှတာဝန်ပေးအပ်ပါက အသင်းကိုယ်စား တက်ရောက်ခွင့်ရှိပြီး တက်ရောက်ပြီးနောက် အဆိုပါအစည်းအဝေးကိစ္စရပ်များနှင့်ပတ်သက်သည့် အကြောင်းအရာ အစီရင်ခံစာများကို အနီးစပ်ဆုံးအမှုဆောင်အစည်းအဝေးများသို့ တင်ပြရမည်။
သက်တမ်းကုန်ဆုံးမှု
သက်တမ်းတစ်ကြိမ်ပြည့်သည့်အခါ လက်ရှိအမှုဆောင်အဖွဲ့ဝင်များအားလုံးသည် ရွေးချယ်တင်မြှောက်ပွဲနှင့်ပတ်သက်သောကိစ္စများကို နာယကအဖွဲ့နှင့်အကြံပေးအဖွဲ့တို့မှ ဖွဲ့စည်းပေးထားသော ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၏ သက်ဆိုင်ရာ အထောက်အကူပြုကော်မတီများသို့ ရွေးချယ်တင်မြှောက်ပွဲ မကျင်းပမီအနည်းဆုံး(၁)လ ကြိုတင်လွှဲအပ်ရမည်။ သက်တမ်းအသစ်အတွက် ရွေးချယ်ခံရသောအမှုဆောင်အဖွဲ့သစ်သို့ အသင်းလုပ်ငန်းများကို နှစ်ပတ်လည်ညီလာခံကျင်းပပြီး (၇)ရက်အတွင်း စနစ်တကျလွှဲပြောင်းပေးရန် အမှုဆောင်ဟောင်းတွင် တာဝန်ရှိသည်။
တာဝန်လွှဲပြောင်းမှု
အသင်း၏သက်တမ်း(၁)နှစ်ပြည့်ပြီးပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအပေါ် စစ်တမ်းကောက်ယူခြင်းရလဒ်အပေါ်တွင် အမှုဆောင်အဖွဲ့၏ထောက်ခံမှု(၅ဝ)ရာခိုင်နှုန်းမရရှိလျှင် အမှုဆောင်အဖွဲ့ဝင်များမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်ကို လဲလှယ်ရွေးချယ်ပေးရန်တာဝန်ရှိသည်။
နှစ်ပတ်လည်အစည်းအဝေး
အမှုဆောင်အဖွဲ့သည် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို တစ်နှစ်တစ်ကြိမ်မပျက်မကွက်ကျင်းပပေးရမည်။ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ကျင်းပခြင်းဆိုင်ရာ စည်းမျဉ်းများကို ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းတွင် ဖော်ပြထားသည်။
အငြင်းပွားဖွယ်ကိစ္စများ
အငြင်းပွားဖွယ်ကိစ္စများတွင် အမှုဆောင်အဖွဲ့၏ညှိနှိုင်းမှုဖြင့်မဖြေရှင်းနိုင်ပါက နာယကအဖွဲ့၊ အကြံပေးအဖွဲ့၊ အမှုဆောင် ကိုယ်စားလှယ်များပါဝင်သော အထူးကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဖြေရှင်းပေးရန် တာဝန်ရှိသည်။
အသင်းသားအခွင့်အရေး
အသင်းသားသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့၏စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ငွေကြေးကိစ္စရပ်များကို အသေးစိတ်ကြည့်ရှုလိုပါက အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မေးမြန်းနိုင်သည်။ ကြည့်ရှုနိုင်သည်။
EC လျှောက်လွှာဖောင်